29 August 2019

ယခုလက်ရှိ ပိုမိုမှန်လာသော ကောသလမင်းကြီး၏ အိပ်မက် ၁၆ ချက်

မြတ်စွာဘုရားရှင်လက်ထက်တော်အခါက ကောသလမင်းကြီးမြင်မက်ခဲ့တဲ့ အိပ်မက်တွေအတိုင်း ယနေ့တကယ်ကိုပဲဖြစ်ပျက်နေတာကို မြင်တွေ့နေရတာမို့ ဆောင်ရန်ရှောင်ရန်သတိမူနိုင်စေဖို့ရည်ရွယ်ပြီး ကောသလမင်းကြီးမက်ခဲ့တဲ့အိပ်မက်တွေအကြောင်းနဲ့ အိပ်မက်တွေရဲ့အဓိပ္ပါယ်တွေကိုပါယှဉ်တွဲပြီး  ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါတယ်။

(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလားဥဿဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြည်ကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။

နောင်အခါ တရားမစောင့်သော မင်းတို့လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက်ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါးငတ်မွတ်ခြင်းဖြစ်လတ္တံ့။

(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ၊ သီးကြသည်ကို မြင်မက်ပါသည်။

နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တန်းတိုသောကာလ၌ ယောက်ျား မိန်းမတို့သည် ထက်သန်ပြင်းသော ရာဂရှိကုန်သည်ဖြစ်၍ ငယ်ရွယ်စဉ်အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်းတို့ကို ပြုကုန်လတ္တံ့။

(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကိုစို့သည်ဟု မြင်မက်ပါသည်။

နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သောကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာမရှိကုန်သည်ဖြစ်သဖြင့် မိမိတို့၏ သားသမီး၊ သားမက်၊ ချွေးမ စသူတို့ထံ၌ကပ်ရပ်၍ ငြိုငြင်ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

(၄) လှည်းတို့၌ ဝန်ကိုဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကိုမနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။

နောင် တရားမစောင့်သောမင်းတို့ လက်ထက်၌ အသက်ကြီးဝါကြီး ပညာရှိကုန်သောသူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှုမပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ရာထူးစည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာဖြစ်၏ဟု လျစ်လျှုပြု၍နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွတိုင်းပြည်ပါ ဆုတ်ယုတ်ပျက်ဆီးကြလတ္တံ့။

(၅) ခံတွင်းနှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။

နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှပေးသော တံစိုးလက်ဆောင်တို့ကိုစား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

(၆) အဖိုးတသိန်းထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန်ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။

နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ အမျိုးမြတ်သောသူတို့သည် အချီးအမြှောက်မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သောသူတို့ အစိုးတရ ကြွယ်ဝချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက်မွေးခြင်းငှာ မတတ်နိုင်ကုန်သည်ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အားပေး၍ အသက်မွေးကြကုန်လတ္တံ့။

(၇) တယောက်သော ယောက်ျားသည် အင်းပျဉ်၌ထိုင်လျက် လွန်ကိုကျစ်၍ ခြေရင်း၌ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သောမြေခွေးမသည် ထိုယောက်ျားမသိစဉ်လျှင် ထိုလွန်ကိုစား၏ဟု မြင်မက်ပါသည်။

နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်းရှိ၍ မိမိတို့လင်ယောက်ျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေစုဆောင်းအပ်သော ဥစ္စာပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက်တို့၌လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်းတို့၌လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိစဉ်းစားသကဲ့သို့ အိမ်သူမိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီးခိုးစားကြလတ္တံ့။

(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီးတလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကိုယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သောရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန်တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက်ရေမရှိသော အခြံအရံအိုးတို့အတွင်းသို့ကား မည်သူမျှမလောင်းမထည့်ပဲ နေသည်ကို မြင်မက်ပါသည်။

နောင်အခါ မကောင်းသော မင်းတို့လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွားအတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက်စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံအကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာမရှိ ငတ်မွတ်ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီးတခုတွင် သတ္တဝါတို့ဆင်း၍ ရေသောက်ကြ၏။ ကန်၏အလယ် ရေနက်ရာ၌ ရေသည်နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။

နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရားအုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာမဲ့ခြင်း၊ ကြမ်းကြုတ်ရက်စက်ခြင်းတို့ရှိလျှက် လူတို့အပေါ်၌ အထူးထူးအပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကိုခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာမပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန်ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။

နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာတွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင်မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေပြားလတ္တံ့။

(၁၁) အဖိုးတသိန်းထက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။

နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သောကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မောကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည်ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြိုအိမ်ကြားတို့၌ ငါဘုရား၏တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန်အလို့ငှာဟောတော်မူအပ်သော အလွန်မွန်မြတ်သောတရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြောကြသည်ဖြစ်၍ တစ်သိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။

နောင်အခါ တရားမစောင့်သော မင်းတို့လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူးစည်းစိမ်ပေးသည်ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုးအာဏာကြီးမားထင်ပေါ် အရာရာတွင်တွင်ကျယ်လျက် ၎င်းတို့ စကားသာလျှင် ဘုူးတောင်းနစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။

နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ တော်မှန်လိမ္မာပညာရှိသော သူတို့၏စကားသည် မည်သည့်အရာ၌မဆို လေးသောကျောက်ဖျာ ရေတွင်ပေါ်သကဲ့သို့ နစ်တည်ခြင်းမရှိ၊ မခိုင်မမြဲရှိကြကုန်လတ္တံ့။

(၁၄) ဖားငယ်မတို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။

နောင်အခါ လူတို့သည် ပြင်းသော ရာဂရှိကုန်သည်ဖြစ်၍ ကိလေသာ အလိုသို့လိုက်လျက် ငယ်ရွယ်ကုန်သောမယားတို့၏ အလိုသို့ လုံးဝလိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုးအုပ်စိုးခြင်းကို ပြုကြမည်ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

(၁၅) မည်းနက်ရုပ်သွင်၊ အဆင်းဆိုးဝါးသော ကျီးတို့ကို ရွှေ၏အဆင်းနှင့်တူသော ရွှေဟင်္သာတို့က ခြံရံနေကြသည်ကို မြင်မက်ပါသည်။

နောင်အခါ အားနည်းသောမင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီးမြင်းစီး စသော အတတ်တို့၌မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည်နိုင်ငံ ဆုံးရှုံးမည်ကိုစိုး၍ တူသောဇာတ်ရှိသော သူကောင်းသားတို့အား အစိုးရခြင်းကိုမပေးမူ၍ မိမိတို့ထံ၌ ခစားကြကုန်သော အမျိုးယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာမရှိပဲ အစိုးရခြင်း၌တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန်လတ္တံ့။

(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှမြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။

နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရကုန်သည်ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ်သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာလွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ဘိုးဘပိုင် လယ်မြေဥစ္စာအရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင်ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက်နှင်ထုတ်လျက် အနိုင်ကျင့်ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့်စက်ဆုတ်ကုန်သည်ဖြစ်၍ လယ်ယာဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ်ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင်ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်းတို့လည်း လွတ်ရာကျွတ်ရာ တောတောတောင်တောင်တို့ကို ပြေးပုန်းကြကုန်လတ္တံ့ ဟူရွေ့ မြင်မက်ခဲ့ပါသည်။

11 August 2019

ပထမဆုံးကြေးနန်း သတင်းစကား ပြောကြားသူ

Zawgyi



*************အမှတ်တရ ရက်စွဲများ*********
27th Apr 1791
1832-1835
1838
1844
2nd Apr 1872

Unicode

ဆင်မြူရယ် မော့စ် (Samuel Morse) သည် ကနဦး၌ ပန်းချီဆရာအလုပ်ကို အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ခဲ့သူဖြစ်သည်။ ၁၈၃၂ခုနှစ်၌ ဆော်လ်လေ သင်္ဘောဖြင့်ခရီးထွက်ခဲ့ရာ မော့စ်သည် လျှပ်စစ်သံလိုက်အကြောင်းကို လေ့လာသင်ယူဖြစ်ခဲ့သည်။ လျှပ်စစ်ကြေးနန်းရိုက်စက် ပြုလုပ်ရန်ကိုလည်း ချက်ချင်းပင် စိတ်ကူးရလာခဲ့သည်။ထိုခေတ်ထိုကာလက ကမ္ဘာပေါ်၌ ယင်းသို့အားထုတ်လုပ်ဆောင်ရန် မည်သူမျှ စိတ်ကူးမိခြင်း မရှိသေးပေ။ မော့စ်ကား သူ၏စမ်းသပ်ချက်တို့ကို စိတ်အားထက်ထက်သန်သန်ဖြင့်ဆက်လက်လုပ်ဆောင်နေခဲ့သည်။ အစက်နှင့်မျဉ်းရှည် သင်္ကေတများ ပါရှိသောစနစ်တစ်ရပ်ကို ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်ခဲ့ရာ မော့စ်သင်္ကေတ အဖြစ် လူသိများသည့်အနေအထားသို့ ရောက်ရှိလာခဲ့သည်။ ပထမဆုံးအမေရိကန်ကြေးနန်းလိုင်းကို ဘော်လ်တီမိုး နှင့်ဝါရှင်တန် အကြား၌ ၁၈၄၄ ခုနှစ်တွင် အပြီးသတ်ခဲ့ရာ "ဘုရားသခင်ဖန်တီးခဲ့တယ်ဆိုတာ ဒါလား" ဟူသည့်သတင်းစကားအား မော့စ်ကပေးပို ခဲ့သည်။



*************အမှတ်တရ ရက်စွဲများ*********

27th Apr 1791

အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ရှိ ချားလ်စ်တောင်းတွင် ဖွားမြင်သည်။

1832-1835

သူ၏လျှပ်စစ်ကြေးနန်းရိုက်စက်ကို စတင်လုပ်ဆောင်သည်။

1838

မော့စ်သင်္ကေတကို ဖွံ့ဖြိုးအောင် ဆာင်ရွက်သည်။

1844

ပထမဆုံးကြေးနန်းသတင်းစကားကိုပေးပို့သည်။

2nd Apr 1872

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၌ ကွယ်လွန်သည်။

Galileo Galilei ဂယ်လီလီယို

ဂယ်လီလီယိုသည် ဂီတပညာရှင်တစ်ဦးအဖြစ်  မွေးဖွားလာပြီး ပထမဦးစွာ ဆးပညာရပ်ကိုလေ့လာခဲ့သည်။ သို့သော် ကာလအတန်ကြာ၌ သူ၏အာရုံစူးစိုက်မှုမှာ သင်္ချာ ပညာရပ်နယ်ပယ်သို့ကူးပြောင်းသွားသည်။ သင်္ချာပညာရပ်နယ်ပယ်တွင် ထင်ရှားသော အမှတ်အသားတို့ ချန်ရစ်ထားခဲ့သည်။ အဝေးကြည့်မှန်ပြောင်းကို တီထွင်ခဲ့ပြီး အခြားသော အရေးပါသည့် ရှာဖွေတွေ့ရှိမှုတို့ကိုလည်းပြုလုပ်သွားသည်။

         လတွင်မညီညာသောမျက်နှာပြင်ရှိကြောင်း ကမ္ဘာမြေမှလေ့လာစူးစမ်းခဲ့ပြီး ကြာသပတေးဂြိုဟ်(Jupiter) ၌ လများ( ဂြိုဟ်ငယ်များ)ရှိကြောင်းကိုလည်းစူးစမ်းလေ့လာခဲ့သည်။ထိုစဉ်က ခရစ်ယာန်ဝတ်ကျောင်းတော် အသိုင်းအဝိုင်းတွင် ရေပန်းစားခြင်းမရှိခဲ့သော ကိုပါးနိကပ်စနစ်ကို ဂယ်လီလီယိုက ကြီးစွာ အထောက်အပံ့ဖြစ်စေခဲ့ပြီး ကွယ်လွန်အနိစ္စရောက်သည့်တိုင် နေအိမ်အကျယ်ချုပ်ဖြင့်နေထိုင်ခဲ့ရသည်။

*********အမှတ်ရစေသောနေ့စွဲများ*********

12th Feb 1564

အီတလီနိုင်ငံ၊ ပီဆာမြို့၌ ဖွားမြင်သည်။

1609-1610

လမျက်နှာပြင်သည် မညီမညာဖြစ်လျက်ရှိကြောင်း ရှာဖွေတွေ့ရှိသည်။

7th Jan 1610

ကြာသပတေးဂြိုဟ်ရှိ ဂြိုဟ်ငယ်များရှာဖွေတွေ့ရှိသည်။

1632

"လောကအဓိပတိ စနစ်နှစ်ခုနှင့်ပတ်သက်၍ ဆွေးနွေးခြင်း” အမည်ရှိ

ကျော်ကြားလှသောစာအုပ်ကို ရေးသားသည်။

8th Jan 1642

အီတလီနိုင်ငံ၊ ဖလော့ရင့်စ်မြို့အနီးရှိ အာစင်ထရီတွင် ကွယ်လွန်သည်။